Image and video hosting by TinyPic
Sayarma.gif
တောက ခလေးတွေပျော်တာကိုတွေ့ရင် ဆရာမလဲပျော်တာပေါ့ .......
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, November 12, 2009

သမီးချစ်သော ဖေဖေ


အဖေ တလမ်း သမီးတလမ်း နဲ့ 
ရှင်ကွဲနဲ့ ရင်ကွဲနေရတဲ့ခေတ်မှာ
ပါးပေါ်မှာ ဖြစ်တဲ့မြစ်နှစ်စင်းနဲ့ 
မျက်နှာသစ်နေတုန်းပဲလား အဖေ ။

အဖေ ရေ…
ဒီနှစ်လည်း ကရုဏာခေါင်တဲ့ ကန္တာရမှာ
မျက်ရည်ချိန် ဘယ်နှစ်လက်မ
ရှိပါသလဲဆိုတာ သမီးမရေတွက်ရဲပါ။

အဖေ သမီးကိုပြုစုစောင့်ရှောက်ခဲ့သမျှ ရလဒ်ကတော့
သမီးအသက်တနှစ်ကြီးလာတိုင်း
အဖေ ပုတီးတပတ် ပိုစိပ်လာရတာပဲ
ရှိတယ်ဆိုတဲ့ သဘောမျိုးမသက်ရောက်စေချင်။

အဖေ ရေ…
ပြန်ဆုံစည်းရေးကို သမီးက သောကနဲ့ စဉ်းစား
အခန်းကျဉ်းလေးထဲမှာတင် မျက်စေ့လည်သွားတုန်းမှာ
လောကဓံတရားက အသာစီးနဲ့ 
အကွက်ပေါင်းများစွာ ရွှေ့ထားပြီးပြီ အဖေ ။

အဖေ ရေ…
စာအုပ်တွေ ဖတ်ခဲ့ရတုန်းကတော့
ဒီလိုဇာတ်လမ်းမျိုး အသက်ဝင်လာလိမ့်မယ်လို့ 
ကိုယ်တိုင်လည်း ရင်ခွဲ သရုပ်ဆောင်ရလိမ့်မယ်လို့ 
မထင်မိခဲ့ဘူး အဖေ ။

အဖေ ရယ်..
သောက ဖျောက်နည်း တခုကတော့ ဆိုတယ်။
အနာဂတ်ကို တွေးမပူပဲ တနေ့ တခါ နေပါတဲ့။
ဒါပေမယ့် အဖေ ရယ်
အိပ်မက်တွေသီးပွင့်လာမယ့် ရက်စွဲက မသေချာသလို
အတိတ်နဲ့ ပစ္စုပ္ပန်မှာလည်း စက္ကန့် တိုင်းက ခက်ခဲနေမှတော့
စိတ်ကို ဘယ်ကာလမှာများ သွားထားရပါ့မလဲ။

ဒါနဲ့  အဖေ ရေ..
မုသားတွေနဲ့ သီးသန့် ကာထားတဲ့
အပူများနေတဲ့ ကျီးလန့် စာစားကမ္ဘာမှာရော
အဆိုးတွေ ရေချိန်မြင့်
အမျိုးတွေ ငွေတိမ်နှစ် နေတုန်းပဲလား အဖေ ။

အဖေ ရေ
လက်ဗလာ ကြယ်တွေ
မျက်နှာငယ်နေရတဲ့ ညထဲမှာ
အဖေ့ရဲ့သမီးလေး အစဉ်ထာဝရ ကြိုးစားနေမယ်ဆိုတာ
အဖေ ယုံပါနော်
……… အဖေ့ ကို …… သိပ်သတိရတဲ့သမီး

တောကျောင်းက ဆရာမလေး

သဘောကျရင်ဆက်ဖတ်ပါနော်

 
ကလေးတို့ရေ ရှေ့အနာဂတ်အတွက် အရွက်ကြွေကြွေ အရည်ခမ်းခမ်း ရိုးတံရှိသ၍ အဖူးဝေစေချင်တယ် ဆရာမရဲ့ဆန္ဒစေတနာပါ....ကြိုးစားကြနော် .......